အနိစ္စရားနှင်းသမိုင်းသင်ခန်းစာ

ဝင်ခိုင်သန်း

(၁)
လူသည် သေမျိုးဖြစ်သည်။ လူတိုင်း သေကြသည်။ အနိစ္စတရားမှ ဤသည်မှာ အထူးအဆန်းမဟုတ်။ သို့ရာတွင် ၂၀၀၃ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သူ ၂ ဦးကို နှိုင်းယှဉ်ကြည့်သောအခါ၌မူ သံဝေဂရဖွယ် သင်ခန်းစာယူဖွယ်နှင့် ထူခြားနေတော့သည်။

(၂)
တစ်ဦးမှာ အသက်ရှင်စဉ်က ဗိုလ်ချုပ်ကြီးဖြစ်အောင် နေရာယူတတ်ခဲ့သည်။ ဥက္ကဌကြီးဖြစ်အောင် ဖန်တီးခဲ့သည်။ သမ္မတကြီးဖြစ်အောင်လည်း အကွက်ချနိုင်ခဲ့သည်။ သို့ရာတွင် ယင်းပုဂ္ဂိုလ်ကြီး၏ တစ်သက်တာ စွမ်းဆောင်မှု များမှာ ထိပ်သီးတစ်စု အာဏာတည်မြဲရေးအတွက် ပြည်သူလူထု တစ်ရပ်လုံ၏ အကျိုးစီးပွားကို စိစိညက်ညက် ကြေအောင် နင်းချေဖျက်ဆီးခဲ့ခြင်းသာ ဖြစ်သည်။

အခြားတစ်ဦးမှာ သောင်းကျန်းသူ၊ အဖျက်သမားဟူ၍ နှစ်ပေါင်းများစွာ တံဆိပ်ကပ်ခံခဲ့ရသူ ဖြစ်သည်။ သို့ရာတွင် ထိုသူသည် နောက်ဆုံးနှစ်လုံးခုန်ချိန်အထိ သူ၏အသက်နှင့် ဘဝကို ပြည်သူလူထု၏ အကျိုးစီးပွားရေးအတွက် ရက်ရက်ရောရော အပ်နှံစွန့်လွှတ်ခဲ့သူဖြစ်သည်။

(၃)
တစ်ဦးမှာ အသက်ရှင်စဉ်က သတင်းစာများနှင့် ရုပ်မြင်သံကြား၌ ၎င်း၏ရုပ်ပုံကို တိုင်းပြည်၏ ကယ်တင်ရှင်ကြီး အဖြစ် နေ့စဉ်မပြတ် ထည့်သွင်းဖော်ပြခိုင်ပြီး ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဘုန်းတော်ဘွဲ့ ရေးပေးသူများကို ထိုက်ထိုက်တန်တန် ချီမြင့်ခဲ့သူ ဖြစ်သည်။

အခြားတစ်ဦးမှာ တောကြား၊ တောင်ကြား၊ လူထုကြား၌ ရိုးရိုးကုပ်ကုပ်နေကာ အပင်ပန်းအဆင်းရဲခံပြီး ပြည်သူ လူထုလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကြီးကို ရဲရဲရင့်ရင့်တဖြောင့်တည်း လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုကို မလိုဘဲ ပြည်သူလူထူနှင့် အောက်ခြေ၏ ဝေဖန်မူများအား တော်လှန်ရေး၏ အရင်းအနှီးအဖြစ် တန်ဖိုးထားလက်ခံခဲ့သူ ဖြစ်သည်။

(၄)
တစ်ဦးမှာ နိုင်ငံခေါင်းဆောင် အမည်ခံပြီး အလုပ်သမား၊ လယ်သမားရေး၊ လူထုကောင်းစားရေးတို့ကို တွင်တွင် ပြောခဲ့သူ ဖြစ်သည်။ သို့ရာတွင် လူထုလှုပ်ရှားမှုများ၌ ပါဝင်ခဲ့သူမဟုတ်၊ လူထုကို အားမကိုး။ လူထုအကျိုးကို မစဉ်းစား။ သို့ရာတွင် လူထု၏ လိုအင်ဆန္ဒနှင့် စွမ်းအားကိုတော့ ရိပ်မိပုံရသည်။ လူထု၏ အဆုံးအဖြတ်ဆိုသည်ကို ကြားရုံမျှနှင့်ပင် နေစရာမရှိအောင် ကြောက်ခဲ့သူဖြစ်သည်။ ထိုကြောင့် လူထုကို ရက်ရက်စက်နှင့်ယုတ်ယုတ်မာမာ သတ်ဖြတ်ဖိနှိပ်ခဲသူဖြစ်သည်။

ကျန်တစ်ဦးမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးအပါအဝင် လူထုလှုပ်ရှားမှုများက မွေးထုတ်ပေး ခဲ့သော လူထုခေါင်းဆောင်ဖြစ်သည်၊ တော်လှန်ရေးဒီရေ နိမ့်စဉ်ကာလ အချိန်၌ပင်လျှင် လူထုကို အခြေခံပြီး မယိမ်းယိုင် ချီတက်ခဲ့သူဖြစ်သည်၊ သမိုင်းကို ပြည်သူလူထုက ဖန်တီးသည်ဟု ယုံကြည်သူဖြစ်သည်၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးခရီးတွင် ပြည်သူလူထုကသာ ဦးစီပဲ့ကိုင်ရမည်ဟု တောင်းဆို တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

(၅)
တစ်ဦးမှာ လူမျိုးကြီးဝါဒ ဖြစ်သည်၊ တစ်ပြည်ထောင်စနှစ်ကိုသာ တင်းတင်းကြပ်ကြပ် ချမှတ်ကျင့်သုံးခဲ့သူ ဖြစ်သည်၊ လူမှုရေးသန့်စင်မှုများကို အကောင်းအထည် ဖော်ခဲ့သူ ဖြစ်သည်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို လိုလားသူမဟုတ်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း သွေးကွဲအောင်ဖန်တီးပြီး ပြည်သူလူထုတစ်ရပ်လုံးကို ကျွန်ပြုအုပ်ချုပ်ခဲ့သူ ဖြစ်သည်။

ကျန်တစ်ဦးမှာ လူမျိုးကြီးဝါဒကို ဆန့်ကျင်သူဖြစ်သည်၊ အလားတူပင် ကျဉ်းမြောင်းသောအမျိုး သားရေးဝါဒကို လက်မခံသူဖြစ်သည်၊ အမြော်အမြင်ရှိ ခေတ်မီသော အမျိုးသားရေးဝါဒကို ယုံကြည်သူဖြစ်သည်၊ ပြည်ထောင်စု စစ်စစ် တည်ထောင်ရေးအတွက် ဘဝတစ်လျှောက်လုံး ကြိုးပမ်းခဲ့သူ ဖြစ်သည်၊ ပါတီစုံဒီမိုကရေစီစနစ်အပြည့်အဝ ကျင့်သုံးသော ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် မနားမနေ အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်။

(၆)
ပထမတစ်ဦး ကွယ်လွန်သောအခါ လေးလံနက်ရှိုင်းလှသော အမှောင်ထုကြီးကို အမွေအဖြစ် ချန်ရစ်ခဲ့သည်၊ အကြမ်းအဖက်ဖိနှိမ်မှု၊ ဆင်းရဲမွဲတေမှု ဘက်ပေါင်းစုံခေတ်နောက်ကျမှု ပြည်တွင်းစစ် အမျိုးသားပြိုကွဲမှု၊ ဖြေရှင်းခွင့်မရှိသာ နိုင်ငံရေးပြဿနာများ၊ ဒီမိုကရေစီကင်းမဲ့မှု၊ အကျင့်ပျက်လာဘ်စားမှု၊ အဆင့်အနိမ့် ပညားရေးစသော အနိဌာရုံပေါင်းစုံ ပြည့်နှက်နေသော ယင်းအမှောင်ထုကြီးအတွင်၌ ပြည်သူလူထုတစ်ရပ်လုံး ရုန်းမထွက်သာအောင် နစ်မွန်းနေကြရသည်။

ဒုတိယလူ ကွယ်လွန်သောအခါ အဖိနှိပ်ခံ ပြည်သူလူထုအား အမှောင်ထုအတွင်းမှရုန်းထွက်ပြီး တောက်ပသော အနာဂတ်ဆီသို့ လမ်းပြခေါ်ဆောင်နိုင်မည့် မီးရှူးတန်ဆောင်ကို အမွေးပေးခဲ့သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး စသည့် တော်လှန်လှုပ်ရှားမှုများကို ပြည်သူလူထုနှင့်အတူ လက်တွဲဆင်နွှဲရင်း သီးပွင့်လာခဲ့သော အစဉ်အလာကောင်းများကို မီးရှူတန်ဆောင် အဖြစ်ထွန်းညှိကာလက် ဆင့်ကမ်းပေးခဲ့သည်။

(၇)
ပထမ လူကွယ်လွန်သောအခါ ကပ်ရောဂါတစ်မျိုးမျိုးဖြင့် သေရသူပမာ နာရီမဆိုင်းဘဲ အလောင်းကို သဂြိုလ်ခဲ့ရသည်၊ အသုဘ အခမ်းအနားမရှိ၊ ဝမ်းနည်းကြောင်းသဝဏ်လွှာမရှိ၊ ပန်းခွေ၊ ပန်းခြင်မရှိ၊ နှမြောတသမည့်သူ မရှိ၊ စိတ်ဝင်စားသူ မရှိ၊ မစင်ဘင်ပုပ်ပမာ စွန့်ပစ်ခံခဲ့ရသည်၊ မိုက်ဇာတ်သိမ်းလေပြီ ဟူသော မှတ်ချက်ကိုသာ တိုးတိုးသဲ့သဲ့ ကြားရသည်။

ဒုတိယ လူကွယ်လွန်သောအခါ၌မှု မြန်မာနိုင်ငံတနံတလျား ကြေကွဲဝမ်းနည်း ကြရသည်၊ တိုင်းချစ်ပြည် ချစ်စိတ်ရှိသူတိုင်း နှမြောတသ ဖြစ်ကြရသည်၊ အသက်အရွယ်ကြီးရင့်မှုကို သတိမမှုနိုင်ဘဲ အကြွေစောရသည်ဟု ရင်ထုမနာ ဖြစ်ကြသည်၊ ရုပ်အလောင်းကို လာရောက်ဂါရဝပြုသူများ၊ ပန်းခွေချသူများမှာ ကျိတ်ကျိတ်တိုင်း နေသည်၊ သိန်းချီသော ရဟန်းသံဃများ၊ ရဲဘော် ရဲဘက်များ၊ ပြည်သူလူထုများက နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည်၊ ငိုသံရှိုက်သံများ၊ အဓိဌာန်ပြုချက်များ၊ တိုင်တည်ချက်များ၊ မိန့်ခွန်များ၊ တရားဓမ္မ ရွတ်ဖတ်သံများ၊ ဂုဏ်ပြုသေနတ် ပစ်ဖောက်သံများဖြင့် မိုးမြေသိမ့်သိမ့် တုန်ခဲ့သည်။

(၈)
ပထမလူမှာ စစ်အာဏာရှင်စနစ်၏ ဖခင်ကြီး ဦးနေဝင်း ဖြစ်သည်။

ဒုတိယလူမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး ဦးနိုင်ရွှေကျင် ဖြစ်သည်။

(၉)
ဦးနေဝင်း၏ ရုပ်လောင်းကို မီးသင်္ဂြုံလ် ခဲ့ပေမည်၊ ဦးရွှေကျင်၏ ရုပ်အလောင်းကိုလည်း မီးသင်္ဂြုံခဲ့သည်၊ နေရာဌာနချင်း အလှမ်းဝေးသော မီးသင်္ဂြုံစက် (၂) ခု၏ ခေါင်းတိုင်းများမှ ထွက်လာသော မီးခိုများသည် အရောင်အဆင်းအားဖြင့် တူညီလိမ့်မည်၊ သို့ရာတွင်ယဉ်ကျေးတိုးတက်သော လူ့သမိုင်း၌ ဦးနေဝင်း ရောက်ရှိခဲ့သော အဆင့်နေရာနှင့် ဦးနိုင်ရွှေကျင် ရရှိခဲ့သော အဆင့်နေရာများကာ မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။

(၁၀)
ဦးနေဝင်းသည် လူ့အဖွဲ့အစည်း၌ ထပ်မံမပေါ်ပေါက်သင့်သော လူဆိုးလူမိုက်ကြီး တစ်ဦးအဖြစ် သမိုင်းအမှိုက်ပုံ တွင်းသို့ နာမည်ဆိုးဖြင့် သက်ဆင်းခဲ့ရလေပြီ၊ ဦးနိုင်ရွှေကျင်မှာမှု နယ်ချဲ့ဆန့်ကျင်သူ ဖက်ဆစ်တော်လှန်သူ၊ မွန်အမျိုးသားရေးအလံလွှင်ခဲ့သူ၊ ရာသက်ပန်တော်လှန်ရေးသမား၊ မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်၊ ဒီမိုကရေစီအရေး မဆုတ်မနစ် ကြိုးပန်းသူ၊ ပြည်သူ့အကျိုးဆောင်သူ၊ ကိုယ်ကျိုးစွန့်ဝံ့သူ၊ အကျင့်သီလ ပြည့်စုံသူ စသော ကြီးမြတ်သည့်ဂုဏ်ပုဒ်များနှင့် ယှဉ်တွဲပြီး ပြည်သူလူထု၏ နှလုံးသားထာဝရစဉ် ရှင်သန်နေပေတော့သည်။

(၁၁)
သမိုင်းကို လိမ်လို့မရ။ သမိုင်းကို ဖုံ၍မရ။ သမိုင်းကို လုပ်ကြံ၍မရ။ သေတမ်းစာဖြင့် မိမိ၏အဆင့်နေရာကို သတ်မှတ်ထားခဲ့၍မရ။ အာဏာအားကိုးဖြင့် အတင်းအဓမ္မမော်ကွန်း ထိုး၍လည်းမရ။ မည်သူမဆို ပြည်သူလူထု၏ ဆုံးဖြတ်ချက်အရသာ သမိုင်း၌ထိုက်သန်သော အဆင့်နေရာကို ရကြမည် ဖြစ်ပေသည်။

ဝင်းခိုင်သန်း

Comments :

0 comments to “အနိစ္စရားနှင်းသမိုင်းသင်ခန်းစာ”