၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း မွန်ဒီမို (လွတ်မြောက်နယ်မြေ) ပြောကြား

၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း မွန်ဒီမို (လွတ်မြောက်နယ်မြေ) ပြောကြား
Kaowao အောက်တိုဘာ၂၂၊ ၂၀၀၈။

နအဖ စစ်အစိုးရ၏ တဖက်သတ် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံမည်မဟုတ်ကြောင်းနှင့် လုံးဝ လက်ခံမည် မဟုတ်ကြောင်း မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြေနယ်မြေ)က နယ်စပ်တစ်နေရာတွင် ကျင်းပခဲ့သော အဖွဲ့ ဖွဲ့စည်းခြင်း အနှစ် ၂၀ ပြည့်မြောက်သည့်အခမ်းအနားတွင် ပြောကြားသွားသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြေနယ်မြေ) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဟောင်မွန်က "၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုတဲ့ ဖြစ်လာမဲ့နည်းလမ်းကောင်း မဟုတ်ပါဘူး" ပြောကြားသည်။ တိုင်းရင်းသားလူမျိုးစုများအပါအဝင် ပြည်သူတရပ်လုံးအတွက် အကျိုးတစ်စုံတစ်ရာမှ မရှိသော ၎င်းတို့၏ လမ်းပြမြေပုံအတိုင်း အတင်းအဓမ္မ ရှေ့ဆက်ဖော်ဆောင်သွားရန် ကြိုးစားနေသော နအဖ စစ်အစိုးရအား မထောက်ခံကြရန် နှင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့်၊ တိုင်းရင်းသား လူမျိုးတို့၏အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်သည့် ဒီမိုကရေစီရေးနှင့် သိသာမြင်သာသော အပြောင်းအလဲများကို ထောက်ခံအားပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ၎င်းတို့၏ကြေငြာချက်တွင် တောင်းဆိုထားသည်။

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့၊ သုခဟံသာ စာသင်ကျောင်းတွင် အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် အဖွဲ့ အနှစ် ၂၀ ပြည့် အခမ်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရမှ ဝန်ကြီး ခွန်မားရ်ကိုဘန်း၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့မှ ဒု ဥက္ကဋ္ဌ ဒေါ်စန်းစန်း၊ အတွင်းရေးမှူး ဦးသိန်းဦး၊ မြန်မာနိုင်ငံရှေ့နေများ ကောင်စီမှ ဦးအောင်မြင့် နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အယောက် ၅၀ ခန့် တက်ရောက်ကြသည်။

လူထုဆန္ဒခံယူပွဲ မကျင်းပခင် ၂၀၀၈ ခုနှစ် မတ်လကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ ချမှတ်ထားသော အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးတို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာရေးကို နအဖ စစ်အစိုးရ အနေဖြင့် လိုက်လျောပေးရန် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) က တောင်းဆိုခဲ့သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့အား တရားဝင်ပါတီအဖြစ်မှ ၁၆ နှစ် ကျော် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် စစ်အစိုးရ ပြုတ်ကျရေးအတွက် ပြည်ပရှိ ဒီမိုကရေစီ မဟာမိတ်အင်အားစုတို့နှင့် ပူးပေါင်းလှုပ်ရှားရန် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သောင်းရှိန် နှင့် ပြည်ပရောက် မွန်ဒီမိုအဖွဲ့ အဖွဲ့ဝင်ဟောင်းတို့၏ ဦးဆောင်မှုဖြင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ကို ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် နယ်စပ်တစ်နေရာ၌ ဖွဲ့စည်းခဲ့သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ အနိုင်ရခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က ပြည်တွင်း မွန် ဒီမိုအဖွဲ့ချုပ် ခေါင်းဆောင်တို့လည်း မွန်ပြည်နယ် ပေါင်မြို့တွင် ကျင်းပခဲ့သော နိုင်သိန်းမောင် (၈၈-နှစ်)အား ၁၅ ကြိမ်မြောက် ဂါရဝပြုပွဲအား ၂၀၁၀ ရွေးကောက်ပွဲအကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Comments :

0 comments to “၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း မွန်ဒီမို (လွတ်မြောက်နယ်မြေ) ပြောကြား”